မြန်မာမေအနေနဲ့ လူသားတွေအတွက်ရောသဘာဝတရားအတွက်ပါအကျိုးပြုတဲ့ လက်ခတ်သဘာဝဆိုးဆေးအ၀တ်အထည်တွေကို သုံးစွဲသူလက်ထဲကို သင့်တင့်တဲ့နှုန်းထားနဲ့ ပို့ပေးနိုင်အောင် အားထုတ်ကြိုးပမ်းလျှက်ရှိပါတယ်။ သဘာဝနည်းအတိုင်းဆေးဆိုးရတာဟာ အချိန်ကြာညောင်းခြင်း၊ အဆင့်ပေါင်းများစွာဖြတ်သန်းပြုလုပ်ရခြင်း နဲ့ အသုံးပြုနိုင်တဲ့ ကုန်ကြမ်းရှားပါးလာမှုတွေကြောင့် သဘာဝဆိုးဆေးအ၀တ်အထည်တွေဟာ ဈေးအတန်ငယ်မြင့်ကြပါတယ်။ မြန်မာမေကတော့ ရှေးမြန်မာတွေ အစဉ်အလာနဲ့ရက်လုပ်ဝတ်ဆင်ခဲ့ကြတဲ့ သဘာဝဆိုးဆေးအထည်တွေကို ယနေ့မြန်မာတွေလည်း တန်ဖိုး သက်တောင့်သက်သာနဲ့ ၀တ်ဆင်နိုင်စေဖို့ ရည်မှန်းချက်ထားရှိပြီး ထုတ်လုပ်နေပါတယ်။ ဒါကြောင့် မြန်မာမေရဲ့ သဘာဝဆိုးဆေး ပိတ်အုပ်တွေနဲ့ မြန်မာ့ချည်ထည်ချစ်သူတွေကို မိတ်ဆက်ပေးခွင့်ပြုပါ။
မြန်မာမေမှာ သဘာဝဆိုးဆေးပိတ်အုပ်တွေကို ရာသီပေါ်ဆိုးဆေးအလိုက်ရရှိနိုင်ပါတယ်။ သဘာဝနည်းနဲ့အရောင်ဆိုးတဲ့အခါမှာ အသုံးပြုတဲ့ အရွက်၊ အခေါက်ရဲ့ အနုအရင့်၊ အပူဆိုးနည်း၊ အအေးဆိုးနည်း၊ ဆေးကြိုချက်ချိန် နဲ့ ဆေးခိုင်အောင် ချုပ်ဆေးအဖြစ်အသုံးပြုတဲ့ ဆား၊ ဒုတ္ထာ၊ ကျောက်ချဉ်၊ ထုံးအစရှိတာတွေပေါ်မှာမူတည်ပြီး ထွက်ပေါ်လာတဲ့ အရောင်နဲ့ အနုအရင့်ကွာခြားနိုင်ပါတယ်။ ဒါကြောင့် စက်ရုံထုတ် ဓာတုဗေဒဆိုးဆေးတွေလို အရောင်အမြဲတမ်းတူညီအောင် မရနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။
တစ်ချိန်က မြန်မာ့ကျေးလက်ဒေသတွေဟာ လက်ရက်ကန်းခတ်သံ၊ လွန်းဆံပြေးသံတွေနဲ့ ကျေးလက်ပျိုမေတို့ရဲ့ သီချင်းညည်းသံတွေနဲ့ စိုပြေခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ရက်ကန်းခတ်နည်းမျိုးစုံကို တွေ့ရှိနိုင်ပြီး ရှေးမြန်မာတွေဟာ ကိုယ့်မိသားစုအတွက်အ၀တ်အထည်ကို ကိုယ်တိုင်ရက်လုပ်ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါ့အပြင် အ၀တ်အထည်အတွက်ဆိုးဆေးကိုလည်း ဒေသထွက် သဘာဝသစ်ဖုသစ်ဥ၊ သစ်ခေါက်တွေကနေ ရယူပြီး ၀ါဂွမ်းစစ်စစ်ကနေ ကိုယ်တိုင်ချည်ငင် ရက်လုပ်ကြတာမို့ ရှေးမြန်မာတို့ရဲ့ ၀တ်စားနေထိုင်မှုဟာ သဘာဝတရားနဲ့ အလွန်ပဲ ကိုက်ညီခဲ့ပါတယ်။
ခေတ်မီတိုးတက်လာခြင်းနဲ့အတူပို့ဆောင်ဆက်သွယ်ရေးတွေ ဖွံ့ဖြိုးလာပြီး ခေတ်မီအသုံးအဆောင်တွေ အစားထိုးဝင်ရောက်လာမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အစဉ်အလာအတိုင်းရှိခဲ့တဲ့ လက်ရက်ကန်းနဲ့ သဘာဝဆိုးဆေးအ၀တ်အထည်ယဉ်ကျေးမှုဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့ပါတယ်။