မြန်မာ့ရုပ်သေး
မြန်မာ့ရုပ်သေးသည် မြန်မာတို့၏ ထီးနန်းသုံးအနုပညာရပ်ဖြစ်သည်။ ရုပ်သေးတစ်ဇာတ်တွင် ဇာတ်ရုပ်ပေါင်း (၂၈) ရုပ်ရှိ၍ ဗုဒ္ဓဝင်၊ ရာဇဝင်ဇာတ်ကွက်များ၊ ပုံဝတ္ထုဇာတ်လမ်းများ နှင့် ကျေးလက်ရိုးရာဇာတ်လမ်းများကိုကပြကြသည်။ ရုပ်သေးဇာတ်တွင် ရုပ်သေးကြိုးဆွဲ ဆရာ၊ အသံသရုပ်ဆောင်နှင့် မြန်မာ့ဆိုင်းဝိုင်းတို့ပါဝင်သည်။ ရှေးက မြန်မာ့ရုပ်သေးသည် လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိသော အနုပညာ ရပ်တစ်ခုအဖြစ်လည်း တိုင်းရေးပြည်ရေးတွင် ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ခဲ့သည်။ တိုင်းပြည် ကို အုပ်ချုပ်သောမင်း၊ မိဖုရားနှင့် နန်းတွင်း မိသားစု၊ အမှုထမ်းအရာထမ်းတို့၏ လွဲမှားသော လုပ်ရပ်များနှင့် တိုင်းရေး ပြည်ရေးအခြေအနေတို့ကို ရုပ်သေးပြဇာတ်တွင် ထည့်သွင်းကပြ ခဲ့ကြသည်။ ရုပ်သေးပြဇာတ်များ၏ ထောက်ပြမှုကြောင့် အမှုပေါင်းများစွာလည်းဖြေရှင်းနိုင်ခဲ့သည်ဟု သမိုင်းစာပေများတွင် ဖော်ပြထားသည်။ မင်းဝတ်တန်ဆာအပြည့်အစုံနှင့် သံဃာ့အဆောင်အယောင်ဖြစ်သည့် သင်္ကန်းကို ဖျော်ဖြေရေးတွင် လူတို့က ဝတ်ဆင် ကပြ၍ မရခဲ့ကြသော်လည်း ရုပ်သေးရုပ် များတွင် ဝတ်ဆင်ကပြခွင့်ရခဲ့ကြသည်။ ထို့ကြောင့် သက်ဦးဆံပိုင်ဘုရင်စနစ် ထွန်းကားခဲ့ ချိန်တွင် အလွတ်လပ်ဆုံးသော အနုပညာရပ်သည် ရုပ်သေးဖြစ်သည်ဟု ဆိုနိုင်ပါ၏။
မြန်မာ့ရုပ်သေးနှင့်ပတ်သက်၍ စဥ့်ကူးမင်းလက်ထက် ၁၁၃၈ တွင် သဘဝန်ဦးသော်က တီထွင်တင်ဆက်ခဲ့သည်ဟု လည်းကောင်း၊ ၁၂၀၈ ခု၊ ပုဂံမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည်ဟု၍ လည်းကောင်း သမိုင်းမှတ်တမ်းအမျိုးမျိုးရှိခဲ့ရာမှ ရှင်မဟာရဋ္ဌသာရရေးသားသော ဘူရိဒတ်လင်္ကာကြီး (သက္ကရာဇ် ၈၄၆) နှင့် သဝရပျို့ (သက္ကရာဇ် ၈၉၁) တို့အရ မြန်မာ့ ရုပ်သေးသည် အင်းဝခေတ်ကပင် စတင်ထွန်းကား ခဲ့သည်ဟု မှတ်ယူရ၏။
မြန်မာ့ရုပ်သေးသည် ပန်းပုအတတ်၊ ရွှေချည်ထိုးအတတ်၊ မှန်စီရွှေချအတတ်၊ ပန်းချီအတတ် နှင့် ကြိုးဆင်သည့် အတတ် စသဖြင့် အနုပညာအတတ်များစုပေါင်းထားသည့် ပညာရပ်တစ်ခုလည်း ဖြစ်သည်။ ရုပ်သေးကရုပ်ကောင်းတစ်ရုပ်ရရှိရန် အရုပ်ဆင်သည့်အတတ် သည်အထူးအရေးပါ၏။ ရုပ်သေး၏အလေးချိန်နှင့် ကြိုးအနေအထားမှန်ပါမှ ပကတိလူကဲ့သို့ လှုပ်ရှားနိုင်သော ကရုပ်ကောင်းတစ်ရုပ်ကို ရရှိသည်။ ရုပ်သေးရုပ်ထုလုပ်ရာတွင်လည်း ရှေးကပင် သတ်မှတ်ထားသော စည်းကမ်းချက်များရှိ၍ တစ်ရုပ်နှင့်တစ်ရုပ် အသုံးပြုသည့် သစ်အမျိုးအစားလည်း ကွဲပြားကြသည်ဟု စာပေများတွင် ဖော်ပြသည်။ ရုပ်သေးပညာရပ်အထွဋ်အထိပ်ရောက်ခဲ့စဉ်က အပျိုတော်ရုပ်တွင် ကြိုးပေါင်း (၆၀) ထက်မနည်းရှိခဲ့၍ ဇော်ဂျီရုပ်မှာ ကရန်အခက်ခဲဆုံးဖြစ်သည်ဟု ဖော်ပြကြ၏။