ကြာရက်ကန်းထည်၊ ကြာပုဝါ နှင့် သဘာဝဆိုးဆေးကြာပုဝါများ
အဆင်းအားဖြင့် လှပတင့်တယ်သကဲ့သို့ ရနံ့မွှေးကြိုင်သော ပဒုမ္မာကြာပန်းများသည် အ၀တ်အထည်ကိုလည်း ပေးစွမ်းနိုင်သည့် သတ္တိရှိ၏။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကြာရက်ကန်း ရက်လုပ်ရာ ဒေသဖြစ်သည်။ ရေမျက်နှာပြင်ပေါ်တွင် တင့်တည်စွာပွင့်လန်းနေသော ကြာပန်းများ၏ ရိုးတံများမှ နူးညံ့အိစက်၍ အဖိုးကြီးသော ကြာချည်များကို ထုတ်ယူနိုင်သည်။ ကြာချည်ဖြင့် ရက်လုပ်ထားသော ချည်ထည်များသည် ကြာပန်း၏ ဂုဏ်သတ္တိကြောင့် အေးမြလန်းဆန်းမှု နှင့် ကိုယ်စိတ်ကျန်းမာခြင်းကို ပေးစွမ်းနိုင်သည်။
အင်းလေးဒေသတွင် နေထိုင်သော အင်းသားလူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ခန့်ကပင် ကြာရိုးတံမှ ကြာချည်ထုတ်၍ ကြာချည်ရက်လုပ်ခြင်းကို လုပ်ကိုင်လာခဲ့ကြသည်။ နှစ်စဉ် တန်ဆောင်းမုန်းလပြည့်ညတွင် မြတ်စွာဘုရားရှင်အား ပဒုမ္မာကြာသင်္ကန်း ရက်လုပ်ပူဇော်ခြင်းသည်လည်း ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသော ဓလေ့တစ်ခုဖြစ်သည်။
ခြုံပုဝါအရွယ် ကြာချည်ပုဝါတစ်ထည်အတွက် ကြာရိုးတံပေါင်း (၃၀၀၀) ကျော်ခန့်မှ ထုတ်ယူထားသည့် ချည်မျှင်လိုအပ်သည်။ ကြာချည်ထုတ်ယူရန် သက်တမ်းရင့် ကြာပင်၏ ရိုးတံများကို ရှေးဦးစွာ ဖြတ်ယူရသည်။ ထို့နောက် ရိုးတံကို ဓားရာပေးပြီးမှ အမျှင်ထုတ်ယူ၍ ရိုးတံမှထွက်လာသော အမျှင်များအား လက်ဖြင့်လှိမ့်၍ ချည်မျှင်အဖြစ် ရယူရသည်။ ထို့နောက်တွင်မှ ချည်ခင်အဖြစ် ရရှိလာစေရန် အဆင့်ဆင့် ပြုလုပ်၍ ရက်ကန်းစင်တင် ရက်လုပ်ရခြင်းဖြစ်သည်။ ဤသို့ဖြင့် ကြာပုဝါများသည် တန်ဖိုးမြင့်လူ့အသုံးအဆောင်အဖြစ်သို့ ထည်ဝါစွာ ရောက်ရှိလာခဲ့သည်။ ကြာပုဝါကို ကြာချည်ချည်းသက်သက် ရက်လုပ်သကဲ့သို့ ၀ါချည်၊ ပိုးချည်တို့ဖြင့် ရောနှော၍လည်း ရက်လုပ်ကြသည်။
ရိုးရာ လက်မှုလုပ်ငန်းများ၊ ရက်ကန်းရုံများနှင့် ပြည့်နှက်နေသော အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် တည်ရှိ၍ (၁၀) ကီလိုမီတာကျယ်ဝန်းပြီး၊ (၂၀) ကီလိုမီတာ ရှည်လျားသည်။