မသိုးရွှေကြာသင်္ကန်း
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထဋ်အမြတ်ထားရာ လတစ်လဖြစ်ပါသည်။ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလအခါတော်နေ့အဖြစ်လည်းကောင်း၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပရာလအဖြစ်လည်းကောင်း၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ရာလ အဖြစ်လည်းကောင်း ထင်ရှားသည့်လဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့သည် မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မသိုးရွှေကြာသင်္ကန်းကို နှစ်စဉ်နှစ်တိုင်း ရက်လုပ်ပူဇော်လေ့ရှိကြသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ တန်ခိုးကြီးစေတီပုထိုးများတွင်လည်း မသိုးသင်္ကန်းရက်ပြိုင်ပွဲများကျင်းပ၍ ပူဇော်ကြသည်။ လပြည့်နေ့နံနက်အာရုံတက်ချိန်တွင် ဘုရားရှင်ကိုယ်တော်မြတ်ကို ကပ်လှူပူဇော်နိုင်စေရန် နေ့မကူးစေဘဲ အပြီးရက်လုပ်ရသောကြောင့် ‘မသိုး’ သင်္ကန်းဟု ခေါ်တွင်ခဲ့သည်ဟု လေ့လာရပါသည်။ ကမ္ဘာတွင် ဘုရားအဆူဆူပွင့်ကြရာ ဘုရားပွင့်ရန် နိမိတ်ထွန်းသည့်အနေဖြင့် ကမ္ဘာဦးတွင် ပရိက္ခရာရှစ်ပါးနှင့်အတူ ကြာရုံများပေါက်သည်ဟု ရှေးဗုဒ္ဓဘာသာဝင်တို့ အဆိုရှိခဲ့ကြသည်။ ပေါက်သည့် ကြာရုံအရေအတွက်ပေါ်မူတည်၍ ကြာရုံတစ်ရုံလျှင် ဘုရားတစ်ဆူ၊ နှစ်ရုံလျှင် နှစ်ဆူဟူ၍ နိမိတ်ယူကြသည်ဟု ဆို၏။ ဤသို့ပေါက်လာသည့် ကြာရုံနှင့်ပရိက္ခရာရှစ်ပါးကို ဗြဟ္မာကြီးများမှ သိမ်းဆည်း၍ ဘုရားအလောင်းတော်များ ဘုရားဖြစ်ရန်တောထွက်သည့်အခါမှ လူ့ပြည်သို့ဆင်း၍ ဆက်ကပ်လှူဒါန်းကြသည်ဟု ဆိုကြပါသည်။ ဤသည်ကို အစွဲပြု၍ ဗုဒ္ဓဘာသာဝင်တို့သည် ကြာသင်္ကန်းကို ကြည်ညိုသဒ္ဒါပွားများလှူဒါန်းကြသည်။