ပုလင်းပန်းချီသည် တရုတ်နိုင်ငံတွင် (၁၉) ရာစု အစောပိုင်းမှ စတင်၍ ထွန်းကားလာသည့် အနုပညာရပ်တစ်ခုဖြစ်သည်။ ရှေး တရုတ်လူမျိုးတို့သည် ဆေးရွက်ကြီးမှုန့်ကို ရိုးရာဆေးအလို့ငှာ မှီဝဲရန် ပုလင်းဖြင့် နေရာတကာသို့ ယူဆောင်လေ့ရှိရာမှ မိမိတို့၏ ဆေးပုလင်းများကို အလှဆင်ယင်ကြရင်း ပေါ်ထွက်လာသော အနုပညာရပ်ဖြစ်သည်။
ပုလင်းပေါ်တွင် ပန်းချီရေးဆွဲခြင်းအတတ်သည် အခြားပန်းချီပညာရပ်များနှင့် မကွာခြားလှသော်လည်း အ၀ကျဉ်းသော ပုလင်းဝမှ အတွင်းပိုင်း ပုလင်းနံရံတွင် ရေးဆွဲခြင်းအတတ်သည် ထူးခြားလှသော အနုပညာဖန်တီးမှုဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ပုလင်းပန်းချီပညာရှင်မှာ ဦးညိုလေး (၁၉၃၈ – ၂၀၀၇) ဖြစ်သည်။ ဦးညိုလေးပြီးနောက် အမွေဆက်ခံသည့် ပညာရှင်များထဲမှ တစ်ဦးမှာ မန္တလေးမြို့ တာရဲတန်းရပ်နေ ဦးချစ်မြဖြစ်သည်။ မန္တလေးမြို့၏ တစ်ဦးတည်းသော ပုလင်းပန်းချီပညာရှင်လည်း ဖြစ်သည်။
ကောင်းမွန်သော ပုလင်းပန်းချီလက်ရာတစ်ခု ရရှိရန် အနည်းဆုံး တစ်ပတ်ခန့် အချိန်ယူရ၍ အသေးစိတ်ရေးဆွဲရသော လက်ရာများအတွက် နှစ်ပတ်ခန့်ပင် ကြာမြင့်တတ်သည်။ ပုလင်းပန်းချီတစ်ခုဖြစ်ပေါ်လာစေရန် အသေးစိတ် ရေးဆွဲမှုများကို အဆင့်ဆင့်ပြုလုပ်ရပြီး ပြန်လည်ပြင်ဆင်ရန် အလွန်ခက်ခဲသောကြောင့် အမှားမဖြစ်စေရန် အာရုံစိုက်၍ ဖန်တီးရသည်။ ဖန်သားကြည်လင်၍ ပါးလျသော ပုလင်းများတွင် ရေးဆွဲခြင်းက ပိုမိုကောင်းမွန်ပြီး အနုပညာလက်ရာကို ပိုမိုထင်ရှားစွာ ခံစားနိုင်မည်ဖြစ်သည်။
ယခုအခါ ပုလင်းပန်းချီပညာရပ်သည် စတင်ထွန်းကားခဲ့သော တရုတ်နိုင်ငံတွင်ပင် တွေ့ရှိရန် ရှားပါးသွားပြီး အခြားသော အိမ်နီးချင်းနိုင်ငံများတွင်လည်း ပုလင်းအပြင်ဘက်တွင်ရေးဆွဲသော လက်ရာများသာ အတွေ့ရများကြောင်း ဖော်ပြချက် အချို့တွင် တွေ့ရှိရသည်။