မြန်မာ့ရွှေချည်ထိုးသည် တော်ဝင်အနုပညာရပ်တစ်ခုဖြစ်သည်။ နန်းတွင်းတော်ဝင်မိသားစုနှင့် လူချမ်းသာတို့၏ အ၀တ် အထည်၊ အဆင်တန်ဆာမှ အစပြု၍ အလှဆင်သည့် ကားချပ်များအထိ ရွှေချည်ထိုးပညာဖြင့် ဖန်တီးခဲ့ကြသည်။ မြန်မာတို့၏ ရွှေချည်ထိုးပညာသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့်မှစတင်ခဲ့သည်ဟု သမိုင်းအထောက်အထား အချို့တွင် ဖော်ပြထားသည်။ အစောဆုံး ရွှေချည်ထိုးလက်ရာကို ပျူခေတ် (အေဒီ ၈၀၀) ခန့်က တွေ့ရှိခဲ့သည်ဟု ဆိုသည်။ မန္တလေးမြို့ သည် ရွှေချည်ထိုးပညာရပ်ထွန်းကားခဲ့၊ ထွန်းကားဆဲ မြို့ဖြစ်သည်။
မြန်မာ့ရွှေချည်ထိုးသည် ကတ္တီပါစပေါ်တွင် ဖောင်းကြွရုပ်များ၊ ရွှေချည်ကြိုးများ၊ ပုလဲစေ့ ပုတီးစေ့များ၊ ကြေးကြယ် ဘော်ကြယ်များ၊ ဖန်ကျောက်များ၊ တစ်ခါတစ်ရံ အဖိုးတန်ကျောက်များဖြင့် ချယ်လှယ်ထားသည့် ပန်းချီပညာရပ်တစ်မျိုးဟု ဆိုရမည်ဖြစ်သည်။ ရှေးဘုရင်၊ မိဖုရားနှင့် တော်ဝင်မိသားစုတို့၏ ဦးခေါင်းအဆင်တန်ဆာ၊ အ၀တ်အစား နှင့် ခြေနင်းအထိ ရွှေချည်ထိုးပညာရပ်ဖြင့် ထည်ဝါစွာ ချုပ်လုပ်ခဲ့ကြသည်။ မြန်မာ့ရုပ်သေးအဆင်တန်ဆာများတွင်လည်း ရွှေချည်ထိုးပညာ ပါဝင်၏။
ရွှေချည်ထိုးကားချပ်များကို ဗုဒ္ဓ၀င်ဇာတ်တော်များ၊ မြန်မာ့ရိုးရာပွဲတော်များ၊ မင်းခမ်းမင်းနား၊ စစ်ထိုးစစ်ချီမှအစ ပုံဖော်၍ တန်ဆာဆင်ခဲ့ကြသည်။ ထို့အပြင် မြန်မာတို့ အထွဋ်အမြတ်ထားရာ ဆင်၊ ဒေါင်း နှင့် ခုနစ်နေ့ခုနစ်နံ အရုပ်များကိုလည်း ဟန်အမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိကြသည်။
ရွှေချည်ထိုးကားချပ်တစ်ခုရရှိရန် ပညာရှင်တစ်ဦးတစ်ယောက်တည်းဖြင့် ပြုလုပ်ရခြင်းမဟုတ်ဘဲ ပန်းချ၊ ပန်းဖြာ၊ အရုပ်သွတ် အစရှိသည့် အဆင့်တစ်ဆင့်စီအတွက် ပူးပေါင်းပြုလုပ်ကြရသည်။ ရွှေချည်ထိုးပညာရှင်တို့သည် ပန်းချီပညာကိုလည်း နားလည်ရ၍ အပ်ချုပ်ပညာကိုလည်း နိုင်နင်းရသည်။ ကတ္တီပါစကျတ်ထားသည့် လေးထောင့်ခွင်ကို ၀ိုင်းထိုင်၍ မနေမနား အာရုံစိုက်၍ လုပ်ဆောင်ကြရခြင်းဖြစ်သည်။
ရွှေချည်ထိုးကားချပ်ကောင်းတစ်ခုရရှိရန် ပန်းအစိတ်အကျဲနှင့် အဆင်တန်ဆာပေါ်မူတည်၍ အနည်းဆုံး တစ်ပတ်ခန့် ကြာညောင်းတတ်သည်။ သို့ဖြစ်သောကြောင့် ရွှေချည်ထိုးကားချပ်များ၊ အသုံးအဆောင်များသည် ယနေ့တိုင် အဖိုးထိုက် အဖိုးတန် သမိုင်းဝင်အနုပညာပစ္စည်းအဖြစ် ကျန်ရှိဆဲဖြစ်သည်။